International News

တရုတ်-ဗီယက်နမ်နယ်စပ်တွင် ကုန်စည်ကြန့်ကြာမှုများကြောင့် ရေထွက်ကုန်ဈေးနှုန်းများ ကျဆင်းလာ

Last Updated:

ဗီယက်နမ်မြောက်ပိုင်းပြည်နယ်ဖြစ်သည့် Lang Son တွင် တရုတ်ဘက်မှ ကိုဗစ်ကာကွယ်ထိန်းချုပ်ရေး ကန့်သတ်ချက်များအရ အကောက်ခွန်ရှင်းလင်းချိန် ကြာမြင့်နေသည့်အတွက် ကုန်တင်ယာဉ်များ တန်းစီနေရသည်မှာ လအနည်းငယ်ကြာမြင့်လာပြီဖြစ် ပါသည်။

တရုတ်နိုင်ငံမှာ ဗီယက်နမ်မှ ရေထွက်ကုန်များကို အဓိကဝယ်ယူသည့်နိုင်ငံဖြစ်ရာ ယခုကြုံတွေ့နေရသည့် အခြေအနေကြောင့် ဗီယက်နမ်မှ ရေထွက်ကုန်ဈေးနှုန်းများ သိသာစွာကျဆင်းလာပါသည်။

ဗီယက်နမ်တောင်ပိုင်းမှ ကဏန်းမွေးမြူသူတစ်ဦး၏ ပြောကြားချက်အရ  ကဏန်းဈေးနှုန်းမှာ ယခုအခါ အကောင်းဆုံးအမျိုးအစား ဖြစ်လျှင်သော်မှ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၆) သိန်း (အမေရိကန်ဒေါ်လာ ၂၆.၂၈ ဒေါ်လာခန့်) သာရရှိပြီး၊ ဖေဖော်ဝါရီ လဆန်းကထက် ထက်ဝက်ကျဆင်းသွားကြောင်း၊  ဝယ်ယူရန်လာရောက်ကြည့်ရှုသည့် ကုန်သည်ဦးရေမှာလည်း တဖြည်းဖြည်းကျ ဆင်းလာကြောင်း၊ အခွံမာရေထွက်ကုန်များအတွက် ပြည်တွင်းဈေးကွက်ဝယ်လိုအားမှာလည်း များစွာမရှိသဖြင့် ဈေးနှုန်းဆက် လက် ကျဆင်းနိုင်ကြောင်း သိရပါသည်။

ယခုအခါ ဗီယက်နမ်နိုင်ငံ၌ ပုစွန်ဈေးနှုန်းမှာလည်း အမျိုးအစားပေါ်မူတည်၍ တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် (၁၅၀,၀၀၀) မှ (၂၀၀,၀၀၀) ကြားတွင်သာရှိပြီး၊ ဖေဖော်ဝါရီလဆန်းကထက် (၁၀) ရာခိုင်နှုန်းမှ (၄၅) ရာခိုင်နှုန်းကြား ကျဆင်းလာသည်ဟု သိရ ပါသည်။

တရုတ်နိုင်ငံဘက်သို့ နယ်စပ်မှတစ်ဆင့် ရေထွက်ကုန်များတင်ပို့ရာတွင် အခက်အခဲများဖြစ်နေခြင်းနှင့် ဗီယက်နမ်ပြည်တွင်း၌ ရေထွက်ကုန်များကို ဝယ်လိုအား ပိုမိုနည်းပါးလာခြင်းတို့က ဈေးနှုန်းများ လျင်မြန်စွာကျဆင်းလာသည့် အကြောင်းရင်း (၂) ရပ် ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ဗီယက်နမ်မှတင်ပို့သည့် ရေထွက်ကုန်များ၏ ဒုတိယအကြီးဆုံးဈေးကွက်ဖြစ်ပြီး၊ ယခင်နှစ် ပထမ (၁၁) လ အတွင်း ရေထွက်ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ (၈၈.၄) ဘီလီယံရရှိခဲ့ကာ၊ ဗီယက်နမ်၏ စုစုပေါင်း လယ်ယာစိုက်ပျိုးရေး ပို့ကုန်တင်ပို့မှုတွင် (၁၉.၂) ရာခိုင်နှုန်း ပါဝင်ဖြည့်ဆည်းခဲ့ပါသည်။

ဖေဖော်ဝါရီလ (၁၇) ရက်နေ့တွင် ဗီယက်နမ်၏ Lao Cai ပြည်နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် တရုတ်ဘက်မှ Hekou Yao တွင် Covid-19 ဖြစ်ပွားမှုများကို စတင်တွေ့ရှိခဲ့ပြီးနောက် ဗီယက်နမ်၏ Kim Thanh နယ်စပ်ဂိတ်မှတစ်ဆင့် ကုန်သွယ်နေခြင်းကို ဆိုင်းငံ့လိုက်ရာ၊ ကုန်တင်ယာဉ်အစီးရေ (၃၅၀) ခန့်ပေါ်မှ ကုန်စည်များမှာ တစ်ဖက်နိုင်ငံသို့ မရောက်ရှိဘဲ ကြန့်ကြာနေခဲ့ပါသည်။ ၎င်းဂိတ်ကို မည်သည့်အချိန်၌ ပြန်လည်ဖွင့်လှစ်မည်ဟူသည်ကိုလည်း ရှင်းရှင်းလင်းလင်းသိရှိထားခြင်း မရှိသေးပါ။ အခြား နယ်စပ် ဂိတ်များဖြစ်ကြသည့် Huu Nghi International ၊ Dong Dang ၊ Tan Thanh နှင့် Chi Ma International Railway Stations တို့၌မူ အကောက်ခွန်ရှင်းလင်းရေးလုပ်ငန်းများကို ပြန်လည်စတင်နေပြီ ဖြစ်ပါသည်။

သို့ရာတွင် တရုတ်နိုင်ငံဘက်မှ ကပ်ရောဂါကာကွယ်ရေးနှင့် အရည်အသွေးထိန်းချုပ်ရေးစီမံဆောင်ရွက်မှုများကြောင့် ကုန်တင် ယာဉ်တစ်စီးလျှင် အကောက်ခွန်ရှင်းလင်းချိန် မိနစ် (၄၀) မှ (၅၀) ကြားကြာမြင့်ပြီး တစ်နေ့လျှင် အစီးရေ (၅) စီးမှ (၆၉) စီးကြား သာ ရှင်းလင်းပေးနိုင်ရာ၊  ယခုကဲ့သို့ ကုန်သွယ်မှုအတားအဆီးများ ဆက်လက်ဖြစ်ပေါ်နေကြောင်း သတင်းရရှိပါသည်။

(မြန်မာစီးပွားရေးသံမှူး၊ နန်နင်းမြို့)

ရင်းမြစ်၊ Vnexpress (၂၀-၂-၂၀၂၂)

Category: International News